နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများအား အကြောင်းအရာ ငါးချက်ပေါ်တွင် မူတည်၍ စွပ်စွဲပြစ် တင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သိရသည်။
ထိုသို့ စွပ်စွဲပြစ်တင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အနည်း ဆုံး ၅၆ ဦးလက်မှတ်ရေးထိုးရုံဖြင့် စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော် အကြီးအမှူးထံ တင်ပြနိုင်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာ ငါးချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ တွင် ပြဋ္ဌာန်းထားပြီး ယင်းတို့မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဤဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့် သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ၏အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးထံ တင်ပြရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၇၁(ခ)တွင် ပြဋ္ဌာန်းထားပါသည်။
ယင်းပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူဥပဒေ အတိုင်ပင်ခံတစ်ဦးက "ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက ပြည်ထောင်စု လွှတ်တော်မှာပါဝင်တဲ့ လွှတ်တော် နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော် အကြီးအမှူးထံ တင်ပြရမယ်လို့ ဆိုထားပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာပါတဲ့ လွှတ်တော်နှစ်ရပ်ဆိုတာက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်ကို ဆိုတာပါ။ ဥပဒေ ပြဋ္ဌာန်းချက်တွေ အတိုင်း ဆိုရင် အမျိုးသား လွှတ်တော်မှာက ကိုယ် စားလှယ် ၂၂၄ ယောက် ရှိမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာက ကိုယ်စား လှယ် ၄၄၀ ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်တွေထဲက အတိုင်းတော့ အခုမဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် အရေ အတွက်တချို့ လျော့သွားပါတယ်။ ဒါပေမယ့် နဂိုရှိတဲ့ ၂၂၄ ယောက်ရဲ့ လေးပုံတစ်ပုံနဲ့တွက်မယ်ဆိုရင်အမျိုး သားလွှတ်တော်ရဲ့ကိုယ်စားလှယ် ၅၆ ယောက်က လက်မှတ်ရေးထိုးရုံနဲ့ စွပ်စွဲချက်ကို တင်ပြနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီလိုပဲ ပြည်သူ့ လွှတ်တော်က ကိုယ်စားလှယ်တွေ က စွပ်စွဲချက်ကို တင်ပြမယ်ဆိုရင် တော့ ၄၄၀ ရဲ့လေးပုံတစ်ပုံဆိုရင် ၁၁၀ က လက်မှတ်ရေးထိုးရုံနဲ့စွပ်စွဲ ချက်ကို တင်ပြနိုင်တယ်ဆိုတာတွေ့ ရပါတယ်" ဟုသုံးသပ်ပြောကြား ခဲ့ပါ သည်။
ထို့အတူ ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံ ပါကဆက်လက်အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၁(ဂ)တွင် ပြဋ္ဌာန်းထား ပါသည်။
ပုဒ်မ ၇၁(ဂ)၏ပြဋ္ဌာန်းချက်ကို ကြည့်ခြင်းအားဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲချက် တင်ပြခြင်းဖြစ်ပါက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ထောက်ခံပါက အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်သည်ကို တွေ့ရသည်။
ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲချက် တင်ပြခြင်းဖြစ်ပါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၉၄ ယောက် ထောက်ခံပါက အရေးယူ ဆောင်ရွက်နိုင်မည်ဖြစ်သည်ကို တွေ့ရသည်။
လွှတ်တော်တစ်ရပ်ရပ်က စွပ် စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံလျှင် အခြားလွှတ်တော် တစ်ရပ်ကယင်းစွပ်စွဲချက်ကိုအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့် အခါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ကိုယ်တိုင်သော်လည်းကောင်း ကိုယ်စားလှယ်ဖြင့်သော် လည်းကောင်း ချေပခွင့်ပေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁(ဃ)(င) တို့၌ ပြဋ္ဌာန်းထားသည်။
ထို့ပြင် စွပ်စွဲချက်ကို စုံစမ်းစစ် ဆေးပြီးသည့်အခါ စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးစေသော လွှတ်တော်၏ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထိုစွပ်စွဲချက် သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် စွပ်စွဲခံရသော နိုင်ငံသောသမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စု လွှတ်တော်အကြီးအမှူးထံ တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် တင်ပြချက် ရရှိလျှင်ရရှိခြင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ ၌ပင် ပြဋ္ဌာန်း ထားပါသည်။
အလားတူ ပြည်ထောင်စု ၀န်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာငါးချက် ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၃ တွင် ပြဋ္ဌာန်းထားပြီး ယင်းတို့မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကိုဖောက် ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီး တစ်ဦးဦး အပေါ်စွပ်စွဲပြစ်တင်လိုပါကနိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၃ (ခ) အရ သိရသည်။
ပြည်ထောင်စုဝန်ကြီး တစ်ဦးဦး အပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန် ၍ စွပ်စွဲခံရသူသည် ပြည်ထောင်စု ၀န်ကြီးရာထူးတွင်ဆက်လက်တာဝန် ထမ်းဆောင်စေရန် မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော် သမ္မတကစွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအား တာဝန်မှ ရပ်စဲရမည်ဖြစ်ကြောင်း စွပ်စွဲပြစ်တင် မှုသည် မမှန်ကန်ကြောင်း စုံစမ်း စစ်ဆေးသည့် လွှတ်တော်ကဆုံးဖြတ် ပါက ထိုသို့ဆုံးဖြတ်ကြောင်း သက် ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံ တော်သမ္မတထံတင်ပြအစီရင်ခံရမည် ဖြစ်ကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် သို့မဟုတ် ၀န်ကြီး တစ်ဦးဦးအပေါ်ကိုလည်း စွပ်စွဲပြစ် တင်နိုင်ကြောင်း အကြောင်းအရာ ငါးချက်ပေါ်တွင် မူတည်၍ စွပ်စွဲပြစ်တင်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၃ အရ သိရသည်။
အကြောင်းအရာငါးချက်မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့် သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် သို့မဟုတ် ၀န်ကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေ အရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ဖြစ်ကြသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးတစ်ဦးဦးအပေါ် ဖော်ပြပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ် တင်လိုပါက သက်ဆိုင်ရာ တိုင်း ဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံကလက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ် ကြောင်း သိရသည်။
သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌ သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေး ရမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှု ပြီးစီးရမည့်ကာလ ကိုလည်း သတ်မှတ်ပေးရမည်ဖြစ် ကြောင်း စွပ်စွဲချက် စုံစမ်းစစ်ဆေး သည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရ သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးအား ကိုယ်တိုင်သော်လည်း ကောင်း ကိုယ်စားလှယ်ဖြင့်သော် လည်းကောင်း ချေပခွင့်ပေးရမည်ဟု သိရသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးတစ်ဦးဦးအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ် တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ရေးအဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော် ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်ဖြစ် ကြောင်း သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်း ဆုံး သုံးပုံ နှစ်ပုံက စွပ်စွဲပြစ်တင်မှု သည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီး ရာထူးတွင် ဆက်လက်ထမ်းရွက် စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ဥက္ကဋ္ဌ သည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင် ခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ် တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးအားရာထူးမှ ရပ်စဲရမည်ဖြစ်ကြောင်း စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင် ရာလွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို လွှတ်တော် ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုတရားသူကြီး ချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်ရန် အကြောင်းအရာ ငါးချက်ကို တိုင်းဒေသကြီးဝန်ကြီး ချုပ်များအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာငါးချက်အတိုင်း ပြဋ္ဌာန်းထားပြီး အရည်အချင်းပျက်ယွင်းခြင်းဆိုင်ရာ အချက်သာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီးများ၏ အရည်အချင်းပျက်ယွင်းခြင်း အချက်နှင့် ကွာခြားကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၂ အရသိရသည်။
ထူးခြားချက်မှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များအား ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက သာမက နိုင်ငံတော်သမ္မတ ကပါ စွပ်စွဲပြစ်တင်နိုင်ပြီး ထိုသို့စွပ်စွဲ ပြစ်တင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်နှင့် ထောက်ခံချက် မလိုအပ်ကြောင်း သိရသည်။
© Eleven