မြန်မာနိုင်ငံရှိ မလေးရှားသံရုံးက တစ်ပတ်လျှင် အလုပ်သမား ဗီဇာနှစ်ထောင် ထုတ်ပေးမည်



မြန်မာနိုင်ငံရှိ မလေးရှားသံရုံးက စက်တင်ဘာ ၁၉ ရက်မှ စ၍ တစ်ပတ်လျှင် အလုပ်သမား ဗီဇာ နှစ်ထောင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မလေးရှားသံရုံးရှိ တာဝန်ရှိသူများက သြဂုတ်လ ၂၅ ရက်တွင် အေဂျင်စီအချို့ကို ခေါ်ယူ၍ အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ အေဂျင်စီများမှ တာဝန်ရှိသူများကပြောသည်။
“တစ်ရက်ကို ကုမ္ပဏီအခု ၂၀ နဲ့ ကုမ္ပဏီတစ်ခုကို ၂၅ ယောက်ဝင်ခွင့်ရမယ်။ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ၄ ရက်ထုတ်ပေးမယ်” ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မိုးယံပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူက ပြောသည်။ မလေးရှားသံရုံးများတွင် မှတ်ပုံတင်ထားသော အေဂျင်စီ ၉၃ ခုရှိပြီး စက်တင်ဘာလ ၁၆ ရက်မှစ၍ အပတ်စဉ်သောကြာနေ့တိုင်း ကုမ္ပဏီ ၈၀ အား သံရုံးအတွင်း မဲနှိုက်ပေးသွားမည် ဖြစ်သည်။
“ဒီအစီအစဉ်အတိုင်းဆိုရင် ကုမ္ပဏီတစ်ခုကို တစ်ပတ်ရှစ်ကြိမ်ဗီဇာဝင်ခွင့်ရှိသွားပြီ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မဲနှိုက်မည့်နေ့တွင် Calling Visa အပြည့်အစုံ ယူလာရမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် စတင်မဲနှိုက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်ကြောင့် အမှန်တကယ် Calling ကျထားသော အေဂျင်စီများ အသက်ရှူချောင်သွားပြီး တစ်လတွင် အနည်းဆုံး လူတစ်ရာခန့် ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း အေဂျင်စီ အသိုင်းအဝိုင်းက ဆိုသည်။ ယခင်က အေဂျင်စီ တစ်ခုလျှင် လုပ်သား ၁၅ ဦးနှင့် တစ်ရက်လျှင် လူ ၂၀၀ကိုသာ တစ်ပတ်လျှင် လေးရက်နှုန်းဖြင့် ဗီဇာထုတ်ပေးခဲ့ခြင်းဖြစ်သည်။

Tags: