မျိုးဆက်သွေး
ပြောင်းမှာ
မဟုတ်ပါဘူး၊ မယုံနိုင်ပါဘူး၊ ဘောင်းဘီချွတ်တွေကို စိတ်မချဘူးလို့
ပြောနေကြတဲ့ ကြားက မြန်မာ့ နိုင်ငံရေး ကတော့ ပြောင်းလဲ လာနေတာ အမှန်ပဲ။
အဲဒီ အပြောင်း အလဲတွေက ကျွန်တော်တို့ အားလုံး အတွက် အားတက် စရာတွေ
ဖြစ်ပေမယ့် ဒီအပြောင်း အလဲတွေကြားက အန္တရာယ်တွေလည်း ရှိသေးတယ်။ အခု
ပြောင်းနေတာတွေ နောက်ကြောင်း ပြန်လှည့် သွားမှာကို စိုးရိမ်တဲ့သူတွေက
အစိုးရဘက်မှာ သဘောထား တင်းမာသူတွေ ရှိနေပြီး သူတို့ကြောင့် အခု လုပ်နေတာ
အကုန် ပြန်ပျက် သွားလိမ့်မယ်လို့ ပြောတယ်။
ဒါကလည်း စိုးရိမ်သင့်တဲ့ အချက်ပဲ။ ဒါပေမယ့် အစိုးရဘက်ကိုချည်း ပြောနေလို့လည်း မပြည့်စုံဘူး။ ကျန်တဲ့ အန္တရာယ်တွေလည်း ရှိသေးတယ်။ အဲဒါတွေ ကတော့ လုပ်မစား တတ်တော့ သူများနဲ့ လုပ်စားတတ်သူများ ကိစ္စပဲ။
လုပ်မစားတတ်သူ
ဆိုတာကတော့ ပြည်တွင်းမှာ ဆိုရင် တစ်သက်လုံး အစိုးရနဲ့ စစ်တပ်ကို ကလော်
တုတ်ခဲ့ပြီး အခုထိလည်း အဲဒီလိုလုပ်မှ နိုင်ငံရေး လုပ်တယ်၊ ဒီမိုကရေစီ
တော်လှန်ရေး လုပ်တာ ဖြစ်တယ်လို့ ထင်နေသူတွေပေါ့။ ဒီလူတွေက အခု နိုင်ငံရေး အခင်းအကျင်းက ကစားနည်း ပြောင်းသွားပြီး လမ်းပေါ် နိုင်ငံရေး မဟုတ်တော့ဘူး ဆိုတာ မမြင်နိုင်ဘူး။
ဒီနေ့ ဒေါ်စုနဲ့ ဇာဂနာတို့က အာရပ် နွေဦးပုံစံက အလုပ် မဖြစ်တော့ဘူးလို့
ပြောတာကို နားမလည်နိုင်ဘူး။ လက်ဝဲ ယောင်ယောင် အတွေးတွေနဲ့ ရန်ငါစည်းတို့၊
လူထု တိုက်ပွဲတို့နဲ့ အစိုးရကို ဖြုတ်ချရေး လမ်းကိုပဲ
စိတ်ကူး ယဉ်နေတုံးပဲ။ ဒီလူတွေက အခု ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်မှာ
မလုပ်တတ် တော့ဘူး။ ဒီတော့ ကစားနည်း အသစ်ကို ကစားနေတဲ့ သူတွေကို
ပြောင်မပြောရဲရင်တော့ မထိခလုတ် ထိခလုတ် ပြောနေသူတွေ ဖြစ်တယ်။
ပြည်ပမှာ
ဆိုရင်တော့ လုပ်မစားတတ်သူ ဆိုတဲ့သူတွေက အရှင်းဆုံး ပြောရရင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေမှ၊ ဒေါ်စု အကျယ်ချုပ် ခံနေရမှ
နိုင်ငံခြားမှာ တောင်းလို့ ကောင်း၊ Campaign ဆင်လို့ ကောင်း၊
ပရိုဂျက်တင်လို့ ကောင်းတဲ့ သူတွေပဲ။ ဒီလူတွေ အတွက်က မြန်မာ နိုင်ငံ့ရေးမှာ
အဖြေ ထွက်သွားပြီ ဆိုရင် ထမင်းစား လက်မှတ် ပျောက်ပြီပေါ့။ ဒီလို အခြေ
အနေသစ်မှာ လုပ်မစား တတ်ပြန်တော့ ပြည်တွင်းက အခြေအနေ မှန်သမျှကို အပျက်
သဘောနဲ့ပဲ ပြောနေ၊ လှုံ့ဆော်နေတုံး ဆိုတာ တွေ့ရမှာ ဖြစ်တယ်။ ဒါ့အပြင် အပြင်
ရောက်နေပြီး အခု ပြည်တွင်းကို ပြန်သွားကာ လှုပ်ရှားနေတဲ့ ဗဟုအဖွဲ့က
လူတွေကိုလည်း ဝေဖန် အပုတ် ချနေတာလည်း ဒီလို လူတွေပဲ။ အဲဒီထဲမှာ မြန်မာတွေ
သာမက မြန်မာ့ အရေးကို ဆင်ဖြူတော်မှီ ကြံစုတ်နေတဲ့ အဖြူ ကောင်တွေ၊ အမည်း
ကောင်တွေလည်း ပါတာပဲ။
ဒီတော့
အတွင်း၊ အပြင် နှစ်နေရာလုံးမှာ ရှိနေတဲ့ လုပ်မစားတတ် သူများဟာလည်း ဒီကနေ
ဦးသိန်းစိန်နဲ့ ဒေါ်စု သွားနေတဲ့ တူတာ တွဲလုပ်၊ မတူတာ အတွက် ယုံကြည်မှု
တည်ဆောက် အဖြေရှာဆိုတဲ့ လမ်းကြောင်း ပျက်ဖို့အတွက် လုပ်မယ့်သူတွေ ဖြစ်တယ်။ ဒါလူတွေဟာလည်း အစိုးရထဲက သဘောထား တင်းမာသူတွေလိုပဲ အန္တရာယ် အဖြစ် မြင်ရမယ့် လူတွေ ဖြစ်တယ်။
အဲ လုပ်မစားတတ်တဲ့သူတွေလိုပဲ အန္တရာယ်ကြီးတဲ့ သူတွေကတော့ လုပ်စားတတ် သူများပဲ။ အဲဒီ လုပ်စားတတ်သူတွေ အများဆုံး ရှိတဲ့နေရာ ကတော ဂျာနယ် လောကဆိုရင် မမှားဘူး။
တစ်ချိန်တုံးက ပြန်ကြားရေး ၀န်ကြီးနားမှာ ၀ိုင်းနေခဲ့ပြီး စာနယ်ဇင်း
အဖွဲ့မှာ ဆရာကြီးလုပ်၊ သတင်းစာ ရှင်းလင်းပွဲမှာ စာပေ ကင်ပေတိုင်က ချပေးတဲ့
နှပ်ကြောင်းပေး မေးခွန်းတွေ ထမေး လုပ်ခဲ့တဲ့ မြတ်ခိုင်၊ ကိုကိုတို့က
ဂျာနယ် လောကရဲ့ လုပ်စားတတ် သူများထဲမှာ ရှေ့ဆုံးက ဦးဆောင် နေသူတွေဆိုရင်
မမှားဘူး။ အရင်တုံးက နံမည်ဝှက်နဲ့ အတိုက် အခံတွေကို ဆော်ပလော်တီးတဲ့
စာမျိုးတွေတောင် ရေးနေသူတွေက အခုကျတော့ ဗိုလ်ချုပ်၊ ဒေါ်စု၊ ဦးဝင်းတင်၊
ဇာဂနာ၊ ဆရာ မောင်စွမ်းရည်၊ ဆရာ တင်မိုး၊ ဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်)
တို့ကြောင်း ရေးပြရ၊ အင်တာဗျူးရ၊ သူတို့ စာမူဟောင်းတွေကို ဖုန်ခါပြီး
ပြန်ထုတ်ကြနဲ့ ဖြစ်နေလိုက်ပုံများ၊ ဟိုတုံးက စာပေစိစစ်က ပိတ်ထားလို့
ရေးခွင့်မရဘူး ဆိုတာ ထားလိုက် အဲဒီ လူတွေ ထောင်ထဲ ရောက်နေတုံး၊ သူတို့ ပြည်ပ ရောက်နေတုံး ကျန်ခဲ့တဲ့ မိသားစုများကို ဘာတွေများ ကူညီ ခဲ့ပေးသလဲလို့ မေးကြည့်လိုက်၊ ဘာမှ လုပ်မပေးခဲ့တာ တွေ့ရလိမ့်မယ်။
သူတို့ နှစ်ယောက်လိုပဲ အခုမှ ခါတော်မီ လုပ်စား လာသူတွေ၊ အထူးသဖြင့်
ရွက်ပြန်ဖွင့်တော့မယ့် အင်န်အယ်လ်ဒီ လှေကြီးပေါ် ခုန်တက်ဖို့ လုပ်နေတဲ့
ကြွက်တွေ အများကြီး ရှိတယ်။ ဂျာနယ် လောကသာ မဟုတ် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍ
အားလုံးမှာ ရှိတယ်။ မတွေ့ဘူးလား တေဇတောင် ရှစ်လေးလုံးတုံးက
လမ်းပေါ်လျှောက် ဆန္ဒပြခဲ့ပါတယ် ဆိုပြီး လုပ်လာတာ၊ ကျုပ်တို့မှာ အဲဒီ
သတင်းဖတ်ပြီး ရီလိုက်တာ ဖတ်ဖတ်မောလို့။ နောက်လာဦးမယ် ဇာဂနာ၊ စုစုနွေးနဲ့
နိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို လုပ်စားမယ့် ကိစ္စတွေ။
အဲဒီလို လုပ်စားတတ် သူတွေက မလုပ်စားတတ် သူတွေထက် ပိုကြောက်ဖို့ ကောင်းတယ်။
သူတို့က လူတွေကို ပေါင်းစားတဲ့ နေရာမှာ အံခွနေပြီ ဆိုတော့ ဒေါ်စုလို
လူမျိုးတောင် အခန့်မသင့်ရင် သူတို့ မွေးစားတာ ခံသွားရနိုင်တယ်။
ကျွန်တော်တို့လို သာမန်လူ တွေကလည်း ဒင်းတို့ကို မီဒီယာ သူရဲကောင်းကြီးတွေ၊
ဒီမိုကရေစီ သူရဲကောင်းတွေလို့ မြင်သွားဖို့ မခက်လှဘူး။
တကယ်တော့
အခု အပြောင်းအလဲ ကာလဟာ အခြေမခိုင်သေးဘူး။ ကောင်းသွားနိုင်သလို
ပြန်ဆိုးသွားနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဆန်ရွေးသလို
ရွေးဖို့လိုတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေး ပါမလာဖို့ အဖျဉ်း အမှော်တွေ
ဖယ်ပစ်ဖို့ လိုတယ်။
ဒါ့ကြောင့်
လုပ်မစားတတ်တော့ သူက ပြုပြင် ပြောင်းလဲရေး ရေစီးကြောင်းကြီးကို
ဖျက်မပစ်အောင်၊ လုပ်စားတတ် သူတွေက ခေါင်းရင်း ခေါင်းဖျားမှာ တက်မထိုင်အောင်
ဆန်းစစ်ကြပါလို့ နှိုးဆော်ချင်တယ်။