KIA မိုင်းဖြင့် KIA အချင်းချင်းပြန်သတ်နေ




ကချင်ပြည်နယ်မှာဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် အခြေအနေကို သိရှိနိုင်ဖို့လိုင်ဇာမှာ ရှိတဲ့ KIAက စစ်အရာရှိတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့တော့ ကချင်ပြည်နယ်အတွင်းမှာ အစိုးရစစ်တပ်ဟာ KIA နယ်မြေအတွင်း တိုးချဲ့တိုက်ခိုက်နေတဲ့အတွက် KIA မှလည်းနည်းမျိုးစုံသုံးပြီး စစ်တပ်ရောက်လာနိုင်တဲ့ နေရာတွေကို အလွယ်တကူမရောက်နိုင်ဖို့နဲ့ ကချင်ပြည်လူထု အာရုံပြောင်းစေဖို့အတွက် လမ်းတံတားတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ရတယ်လို့ ပြောပြပါတယ်။
အခုလ ၉ ရက်နေ့မှာလည်း လမုန်ရွာနဲ့ ကျောင်းကုန်းရွာကြားမှာရှိတဲ့ နာဂကုန်းတံတားကို ကားမသွားနိုင်အောင် ဗုံးထောင်ဖောက်ခွဲခဲ့ပေမဲ့ ယမ်းမလုံလောက်တဲ့အတွက် တံတားပျက်စီးမှု မရှိဟု သိရပါတယ်။မိုးကောင်းနဲ့ ဆားမှော်ကြားမှာလည်း ရထားလမ်းကိုတော့ ဗုံးထောင်ခဲ့တယ်လို့သိရပါတယ်။ရထားလမ်းဖျက်စီးချင်တဲ့အတွက်ကြောင့်မဟုတ်ဘဲ စစ်တပ်ကိုအာရုံလွှဲတာဖြစ်တယ်လို့လည်း KIA စစ်အရာရှိမှ ပြောပြပါတယ်။
၈ ရက်နေ့မှာတော့ တနိုင်း ရှင်ဘွေယန် လမ်းက ဘရန်ခ သစ်သားတံတားနဲ့ ဘရန်ကွဲ သစ်သားတံတားကို ကားမသွားနိုင်အောင် မီးရှို့ခိုင်းခဲ့တဲ့အတွက် ကားသွားလို့မရတော့ကြောင်း ပြောပြပါတယ်။အဲဒီနေ့မှာဘဲ ဗိုလ်ကြီးဇော်လ ရဲ့တပ်ခွဲဟာ ရင်ကွဲတောင်မှ  ဂါးရားယန်ကိုအသွား မြစ်ကြီးနားလိုင်ဇာ ကားလမ်းဘေးနားက သူတို့ထောင်ထားသောမိုင်းနေရာ မမှတ်မိတော့ဘဲ လမ်းမှားသွားတဲ့အတွက် ပြည်သူ့စစ်တစ်ဦးမိုင်းနင်းမိခဲ့တယ်လို့ ပြောပြပါတယ်။ မိုင်းနင်းမိတဲ့အတွက်ကြောင့် ဂါးရားယန်ရွာမှတဆင့် လိုင်ဇာဆေးရုံမှာ ဆေးကုဖို့ ခေါ်ထားတယ်လို့ ပြောပြပါတယ်။ အစိုးရတပ်နဲ့ အပစ်အခတ်စချိန်ကစပြီး KIA မှ ထောင်သောမိုင်းကို ပြန်နင်းမိသူ KIAစစ်သား ၄၇ ဦး ရှိနေပြီဟု သိရပါတယ်။ 
လွယ်ဂျယ်ရွာအနီးမှာရှိတဲ့ အစိုးရတပ်စခန်းနားမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၉ ရက်နေ့က KIA အဖွဲ့မှ ပြည်သူ့စစ်တစ်ဦး ၄င်းတို့ထောင်ထားသော မိုင်းနင်းမိပြီး ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။

အစိုးရတပ် စခန်းအနီးမှာ ကေအိုင်အေအဖွဲ့တွေမိုင်းလာထောင်ရင်း ကိုယ့်မိုင်းကိုယ်နင်းမိတာဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေစဉ်အတွင်း ကေအိုင်အိုဗဟိုဌာနချုပ်ကတော့ အစိုးရတပ်တွေကို မိုင်းစစ်ဆင်ရေးတွေ နေရာအနှံ့ဆက်လုပ်ဖို့ KIA အဖွဲ့တွေကို စေခိုင်းမှုတွေ ပြုလုပ်နေခဲ့ပါတယ်။

ကေအိုင်အေအဖွဲ့ရဲ့မိုင်းထောင်မှုတွေကြောင့် ဒေသခံရွာသူရွာသာတွေလည်း မသွားရဲမလာရဲဖြစ်နေကြတယ် လို့  မိုင်ဂျာယန်ကရွာသားတစ်ဦးမှ KDN သတင်း ဌာနသို့ ပြောလာခဲ့ပါတယ်။
စက်တင်ဘာလနှင့် အောက်တိုဘာလအတောအတွင်း မြန်မာအစိုးရတပ်နှင့် ကေအိုင်အေ အဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေကြပါတယ်။

မြန်မာအစိုးရတပ်တွေရဲ့ လိုက်လံတိုက်ခိုက်မှုတွေကြောင့် ကေအိုင်အေအဖွဲ့တွေ ထိခိုက်ကျဆုံးမှုများပြားနေခဲ့ပြီး တိုက်ပွဲမှာ ဒဏ်ရာရရှိလာတဲ့ ကေအိုင်အေအဖွဲ့တွေကိုတော့ နန့်လင်းပါရွာမှာ ယာယီဆေးရုံတစ်ခု ဖွင့်လှစ်ထားရှိပြီး ကုသပေးနေတယ်လို့ နန့်လင်းပါရွာမှ ဒေသခံများမှပြောဆိုလာခဲ့ပါတယ်။

Tags: