KIA
အဖွဲ့အနေဖြင့် စစ်ပွဲအတွင်း ကုန်ကျစရိတ်များသဖြင့် ယခုကာလအတွင်း
အခွန်ငွေကို တိုးမြှင့်ကောက်ခံလျက် ရှိပါတယ်။ ကချင်နိုင်ငံတော်
ထူထောင်နိုင်ရေးအတွက် အခွန်များကို ကချင်ပြည်သူများက ထမ်းဆောင်ရမှာ
ဖြစ်သော်လည်း အစိုးရနဲ့ စစ်ပွဲတွေမှာ ရှုံးနိမ့်ပြီး
စခန်းတွေဆုတ်ခွာခဲ့ရလို့ ပြည်သူ တော်တော်များများက
အခွန်မပေးဆောင်တော့ပါဘူး။ အခွန်ထမ်းဆောင်ရန် အကြိမ်ကြိမ် နှုတ်/စာ တို့ဖြင့်
သတိပေးခဲ့သော်လည်း အခွန် ပေးဆောင်ခြင်း မရှိခဲ့ပါ။
![]() |
အခွန်ကောက်ခံနေတဲ့ ကချင်ပြည်သူ့အမှုထမ်းများ |
အခွန်မထမ်းဆောင်တဲ့ ကုမ္ပဏီ ၂ ခုကို ပထမဦးဆုံးအကြိမ်
ထိရောက်စွာအပြစ်ပေးဖို့ ဗဟိုဌာနချုပ်မှ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ
(၂၁)ရက်နေ့ ညနေ(၄)နာရီတွင် ဖားကန့်မြို့ ၊ မရှီကထောင်ရပ်ကွက်ရှိ CAT
ကုမ္ပဏီအလုပ်ရုံသို့ KIA အဖွဲ့မှ (၂)ဦးကို ဆိုင်ကယ်ဖြင့် စေလွှတ်ပြီး
လက်လုပ်မိုင်း(၂)လုံးကို စက်ရုံအတွင်း ၀င်ရောက်ဖောက်ခွဲခဲ့ပါ တယ်။
မိုင်း(၂)လုံးပေါက်ကွဲမှုကြောင့် ခြံဝန်းအတွင်းရပ်ထားတဲ့ Transporter
ယာဉ်(၁)စီး၊ အနည်းငယ် ထိခိုက်ခဲ့ပါတယ်။
ဒီဇင်ဘာလ(၂၁)ရက်နေ့ ညနေမှာပဲ ဖားကန့်မြို့နယ်၊ နမ္မပြစ်ကျေးရွာက
ဘော်ကိုကျောက်မျက်ကုမ္ပဏီကို KIA စစ်သည်(၂)ဦးရောက်ရှိလာပါတယ်။
လုံခြုံရေးဂိတ်တဲမှ လုံခြုံရေးဝန်ထမ်း မောင်လှဝင်းကို ပစ္စတိုနဲ့ချိန်ပြီး
စက်ရုံဝင်းအတွင်း အတင်းဝင်ရောက်ကာ မိုင်းထောင်ဖောက်ခွဲခဲ့တယ်။
၎င်းမိုင်းကြောင့် ကွန်ကရစ်လမ်း အနည်းငယ်ပျက်စီးတာကလွဲပြီး လူနဲ့
အဆောက်အဦး ထိခိုက်မှုမရှိခဲ့ပါဘူး။
ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးမှ “ ကျွန်တော်တို့က
အခွန်မပေးဆောင်တဲ့အတွက် ဒဏ်ခတ်တာပါ။ ပထမအကြိမ်ဖြစ်လို့ လူတွေ
အဆောက်အဦးတွေကို မထိခိုက်အောင် လုပ်ဆောင်ခိုင်းတာဖြစ်တယ်။ ဒါမှ
အခွန်မပေးဘူးဆိုရင် ပြင်းပြင်းထန်ထန် အရေးယူရလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။