အမေရိကန်ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ၇၇၈ ကျပ်အထိ ပြန်လည်မြင့်တက်လာ



သြဂုတ်လဆန်းပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၆၈၀ အထိကျဆင်းခဲ့သော အမေရိကန်ဒေါ်လာဈေးများမှာ ယခုတစ်ပတ်အတွင်း တစ်ဒေါ်လာလျှင်  ၇၇၈ ကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။

"အခုဒီရက်ပိုင်းမှာ ဒေါ်လာဈေး ပြန်တက်လာတာ လိုင်စင်မဲ့ကားတွေ ဒဏ်ရိုက်မယ်ဆိုတဲ့ကိစ္စနဲ့လည်း ဆိုင်တယ်လို့ပြောကြတယ်။ ပြီးတော့ ဈေးကွက်ထဲမှာ ကျပ် ၉၀၀နဲ့ ကျပ် ၁၀၀၀ ကြားသတ်မှတ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ဟိုနေ့က သတင်းစာထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲသတ်မှတ်မှုကို လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဆောင်ရွက်ရင် နိုင်ငံရဲ့စီးပွားရေး လူမှုရေး အခြေအနေတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောထားတာမျိုးတွေ တွေ့ရပြန်တယ်ဆိုတော့ ဒေါ်လာဈေးကို ကျပ် ၆၀၀၊ ကျပ် ၇၀၀လောက် သတ်မှတ်မယ်ဆိုတဲ့ကိစ္စ တော်တော်နဲ့မဖြစ်နိုင်သေးဘူးလို့ သုံးသပ်တာတွေလည်း ရှိတယ်။  ပြီးတော့ ဒေါ်လာငွေကိုကိုင်ထားတဲ့လူက ဈေးပြန်တက်ရင်အမြတ်ရမယ် ဆိုတာမျိုးလည်း အကြံပေးဆွေးနွေးခဲ့ကြတာရှိတယ်။ စီးပွားရေး အကြံပေးတွေ ဆွေးနွေးတဲ့အထဲမှာလည်း ဒေါ်လာငွေကို အစိုးရ၀ယ်ယူရေးဆိုတာ ပါလာတယ်။ အဲဒီနောက်ပိုင်း ပြန်တက်လာတာပါ" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

ပြင်ပလောကတွင်ထွက်နေသော သတင်းများအရမူ လိုင်စင်မဲ့ Super Custom ကားများကို အမေရိကန်ဒေါ်လာ ၁၃၀၀၀၊ မော်ဒယ်မြင့် အန်စာတုံးပုံစံ Hi Ace တစ်စီးလျှင် ဒေါ်လာ ၂၀၀၀၀ လိုင်စင်ဝင်ခွင့်ရရန် ဒဏ်ရိုက်မည်ဖြစ်ကြောင်းနှင့် စက်တင်ဘာလဆန်းတွင် ဒဏ်ကြေးအပြီးသွင်းရန် ညွန်ကြားထားကြောင်းလည်း သိရှိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ပေါက်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၇၇၂ ကျပ်နှင့် ၇၇၈ ကျပ်ကြား၊ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ကျပ် ၇၀၀ နှင့် ကျပ် ၇၁၀ ကြားရှိကြောင်း သိရှိရသည်။


Tags: