ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ စတင်ကျင်းပဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ နိုင်ကြသေးသည့် ပြည်တွင်းနိုင်ငံရေးအင်အားစုများကိုလည်း သဘောထားအမြင်ကွဲလွဲမှုကြောင့် ဖြစ်ပေါ် နေရသည့် ပဋိပက္ခများ လျော့ပါးအောင် ဆောင်ရွက်လျက်ရှိဟု နိုင်ငံတော်သမ္မတပြောကြား



ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။
ယင်းကဲ့သို့ ကျင်းပခဲ့ရာတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများကို နံနက် ၁၀ နာရီ၌ တစ်ပြိုင်တည်း စတင်ကျင်းပခဲ့ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကိုမူ မွန်းလွဲ ၁ နာရီ၌ စတင်ကျင်းပ ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့၌ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့နှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့များ၌ ဥပဒေကြမ်းများ တင်သွင်းခြင်း၊ ကော်မရှင်နှင့် ကော်မတီများဖွဲ့စည်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့၌ တင်သွင်းခဲ့သည့် ဥပဒေကြမ်းများမှာ အမြတ်ခွန် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရုံးခွန်ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတို့ဖြစ်ကြသည်။
အဆိုပါ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များမှ ဥက္ကဋ္ဌများလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က စဉ်းစားရန် အဆိုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသားလွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့သည်။
“နောက်ဆုံးပိတ် ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် နာယက ဦးခင်အောင်မြင့်က နှုတ်ခွန်းဆက်စကားပြောတဲ့အထဲမှာ ယခုတစ်ကြိမ်လွှတ်တော် အစည်းအဝေးရဲ့ ထူးခြားချက်က ပြည်သူ့အသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်-လွှတ်တော်က ဖော်ဆောင်ရွက် ဆိုတဲ့ လွှတ်တော်ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်နဲ့အညီ မေးခွန်းများ၊ အဆိုများနဲ့ ဥပဒေကြမ်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ဆောင်ရွက်ကြပါစို့လို့ ပြောကြားပါတယ်။ ဒီစကားက အကောင်းဆုံးပါပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်မခံနိုင်ကြသေးသည့် ပြည်တွင်း နိုင်ငံရေးအင်အားစုများကိုလည်း သဘောထားအမြင် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်နေခဲ့သည့် ပဋိပက္ခများ လျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့၌ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုများကိုလည်း သဘောထားအမြင် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်နေခဲ့တဲ့ ပဋိပက္ခတွေ လျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ ထွန်းကားပြန့်ပွားလာအောင် စတင်ကူးပြောင်းဆောင်ရွက်နေတဲ့ ဒီကနေ့ ဒီအချိန်မှာ မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လွတ်လပ်မှုကို ဖော်ဆောင်ရာမှာ တွဲလျက်တည်ရှိနေတဲ့ တာဝန်ယူမှု၊ တာဝန်သိမှုဆိုတဲ့ democratic spirit ကိုလည်း ခိုင်မာလာအောင် ကိုယ်စီကိုယ်စီ ထူထောင်တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်ရုံးခန်း၌ တွေ့ဆုံကာ မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွား များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် သြဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်၍ ဖိတ်ခေါ်ထားသည်။

Ref : Bi Weekly Eleven
Tags: