စာရေးဆရာ ရွှေဒုံးဘီအောင်က ရေးခဲ့သည်။
အမျိုးပျောက်မှာ စိုးကြောက်စရာတဲ့။ ဒီစာအုပ်ကြောင့်
အရေးအခင်းဖြစ်ခဲ့ဖူးသည်။ ထားပါတော့။ အခုဒီပို့စ်ကတော့ အမျိုးပျောက်မှာ
ကြောက်ဖူးလားလို့ အမည်ပေးထားသည်။ ဘာလို့လဲဆိုတော့ မြန်မာမိန်းကလေးတွေနဲ့
ပတ်သက်ပြီး တင်ပြချင်လို့ပါ။
ပြည်တွင်းမှာရော ပြည်ပမှာပါ ခေတ်နှင့်အညီ
တိုးတက်ထွန်းကားခြင်းနှင့်အတူ လူနေမှုပုံစံ၊ အဆင့်အတန်းများ
တိုးတက်ထွန်းကားလာခဲ့သည်။ သို့သော် ကျွန်ုပ်အနေဖြင့် မည်မျှပင်
တိုးတက်ထွန်းကားပါစေ- အမျိုးဂုဏ်၊ ယဉ်ကျေးမှု၊ ဓလေ့၊ ဇာတိမာန် အစရှိသဖြင့်
လျော့ပါးသွားခြင်းမရှိကောင်းဟု ထင်မြင်မိပါသည်။ မိမိတို့ရဲ့
သမိုင်းထဲမှာပင် ပြန်လည်လေ့လာကြည့်လို့ရနိုင်သည်။ ပျူလူမျိုးများသည်
မိမိတို့အတွက် နမူနာပင်ဖြစ်သည်။ စာပေအထောက်အထား၊ ယဉ်ကျေးမှု၊ ဓလေ့၊
အမျိုးဂုဏ် အစရှိတာတွေကို မထိန်းသိမ်းနိုင်ခဲ့သဖြင့် လူမျိုးစုတစ်ခုလုံး
ပျောက်ကွယ်ခဲ့ရသည့် သာဓကရှိခဲ့သည်။ ဒါတွေကို နမူနာယူပြီး ကျွန်ုပ်တို့
လက်ထပ်တွင် ဒီလိုမျိုးတွေ အဖြစ်မခံရအောင် ထိန်းသိမ်းကြရမှာ ကျွန်ုပ်တို့
တာဝန်ပင်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကြောင့် ပြည်ပ
နိုင်ငံရပ်ခြားများတွင် မြန်မာလူမျိုးအတော်တော်များလည်း အခြေချပြီးကြပြီး
ဖြစ်နေကြသည်။ သို့တစေ ထိုအထဲတွင် မြန်မာမိန်းကလေးများလည်း အပါအ၀င်ဖြစ်လေရာ
အနာဂတ်အရေး ရင်လေးစရာလေးများကို ကြုံတွေ့လာခဲ့ရသည်။
မိမိကိုယ်ကို တန်ဖိုးထားတတ်သော မိန်းကလေးများလည်း ရှိကြသလို
တန်ဖိုးမထားတတ်သူများလည်း အစုလိုက် အပြုံလိုက် ရှိနေကြသည်။ ထိုအထဲတွင်
မြန်မာလူမျိုး မိန်းကလေးများ အဆိုးဆုံးဖြစ်သည်။ နိုင်ငံရပ်ခြားကို
စီးပွားရေး၊ ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ နိုင်ငံရေး အစရှိသဖြင့်
အကြောင်းပြချက်မျိုးစုံဖြင့် သွားလာနေထိုင်ကြပြီး တွေ့တဲ့လူနဲ့ အဆင်ပြေသလို
နှီးနွယ်မှုများကို မြင်တွေ့လာရသည်။ တချို့သော မိန်းကလေးများဆိုလျှင်
နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုရသည့် အဆင့်အထိ ဖြစ်လာကြသည်။ တချို့သော
မိန်းကလေးများက အိမ်ထောင်မပြုသည့်တိုင်အောင် ကြုံဆုံရာ နိုင်ငံခြားသားနှင့်
အတူနေထိုင်ခြင်းများအထိ ဖြစ်လာခဲ့ကြသည်။ မြန်မာပြည်ကို ပြန်လျှင်
မိသားစု၊ ခင်ပွန်းသည်၊ ချစ်သူရည်းစား ရှိသည့်တိုင် နိုင်ငံခြားတွင်တော့မူ
အတောမသတ်နိုင်သော လုပ်ရပ်များကို လုပ်ကိုင်နေဆဲဖြစ်ကြသည်။
ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့စဉ်က
ဗိုင်းကောင်းကျောက်ဖိ နေထိုင်ခဲ့တဲ့ မြန်မာ့ သမီးပျိုလေးများသည် ယခုအခါ
နိုင်ငံခြားတွင် အရှက်ဖုံးရုံအလှမျိုးနဲ့အတူ လူမျိုးမတူသူတွေကြားထဲမှာ
နိုင်ငံခြားသားနဲ့ အသွင်တူအောင်တမျိုး၊ အိမ်သူဖြစ်အောင်တဖုံ
ဖန်တီးနေထိုင်ခြင်းက မြန်မာမိန်းကလေးမှ ဟုတ်ရဲ့လားဟု ပြန်မေးလိုက်ချင်သည်။
ကိုယ်မွေးလာမယ့်ကလေးကို ဘယ်လူမျိုးလဲလို့ မေးခဲ့ရင်ရော အဖြေရှိရဲ့လားလို့
မေးလိုက်ချင်သည်။




မည်သို့ပင် ဆိုစေကာမူ မြန်မာမိန်းကလေးမှန်လျှင်တော့ ကိုယ့်သိက္ခာကို ထိန်းသိမ်းကြပါဦးလို့ တိုက်တွန်းပါရစေ။
ဘယ်သူမပြု
မိမိမှုလို့ ဗိုလ်ချုပ်ပြောစကားကိုလည်း မမေ့ကြပါနဲ့ဦး။ လူတွင်ပါလို့ နွား
ကျားကိုက်တာပါ။ ကိုယ်ကမှ ပါချင်နေတာ။ သူများမြူဆွယ်တယ်လို့
အပြစ်မဖို့ပါနဲ့။ ငိုချင်ရက် လက်တို့သလို ဖြစ်နေတဲ့
မြန်မာမိန်းမကလေးများအတွက် အကျွန်ုပ်မှ စေတနာ စကားနဲ့ ရင်မှလာသော ဂရုဏာကို
နားလည်ပေးကြပါ။
မိန်းကလေးများသည်
မိခင်၏ အနီးကပ်သွန်သင်ဆုံးမမှုအောက်မှ အပြည့်အဝ
ရှင်သန်ခဲ့ကြီးပြင်းခဲ့ကြသလို မိမိ၏ မဆင်မခြင် နေထိုင် ပြုလုပ်လိုက်သည့်
လုပ်ရပ်ကလေးက မိမိကို သွန်သင်လိုက်တဲ့ အမေ၏ သိက္ခာကို မထိခိုက်အောင်တော့
ကိုယ့်ကိုကိုယ် ပြန်လည် ဆုံးမ သွန်သင်သင့်သည်ဟု ကျွန်ုပ်မှ
ထင်မြင်ချက်များပေးပါရစေ…။
လူမျိုးရေး ရင်မအေးရသော…………
သားဦး