NLD ပါတီကို အမျိုးသား အကျိုးစီးပွားအတွက် လက်တွဲ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖွင့်ပေးထားကြောင်း ၀န်ကြီးဦးကျော်ဆန်း ပြောကြား



ယနေ့ နေ့လယ်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော အစိုးရသတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆက်လက် ရပ်တည်ခွင့် မရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက် ဆောင်ရွက်မည် ဆိုပါက တည်ဆဲ ဥပဒေအရ မှတ်ပုံတင် ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကို ရှေးရှုသောအားဖြင့် NLD ကို တတ်နိုင်သမျှ လက်တွဲ ခေါ်ဆောင်လျက် ရှိကြောင်း၊ NLD ပါတီကို အမျိုးသား အကျိုးစီးပွားအတွက် လက်တွဲ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖွင့်ပေးထားကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းဂျာနယ် အများစုမှ တက်ရောက် သတင်းရယူခဲ့ကြောင်း ကြားသိရသည်။ သတင်းမီဒီယာ သမားတစ်ဦးမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဆောင်ရွက်ခွင့် ပြုမည်လားဟု မေးမြန်းခဲ့ရာ ဦးကျော်ဆန်းက အများပြည်သူ အကျိုးစီးပွား ဖြစ်ထွန်းမည့် ကိစ္စများတွင် နိုင်ငံသားတိုင်း မည်သူမဆို အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သည်ဟု အကြမ်းဖျဉ်းသဘောသာ ဖြေကြားခဲ့ကြောင်း ကိုယ်တိုင် သွားရောက်သတင်းယူခဲ့သူ သတင်းအယ်ဒီတာ တစ်ဦးက mmDailyNews သို့ ဖုန်းဖြင့် သတင်းပေး ပြောကြားခဲ့သည်။

Tags: