
နီကိုးဘာလီဟိုတယ်တွင် သမ္မတဦးသိန်းစိန်နှင့်အဖွဲ့ မီဒီယာများနှင့်တွေ့ဆုံစဉ်
လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တိုင်းပြည်နှင့်လူမျိုး
အခြေအနေကိုကြည့်ပြီး ဒီမိုကရေစီကို ပီပြင်အောင် လုပ်ဆောင်ရမည်ဟု
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘာလီ၌ မြန်မာသတင်းသမားများနှင့် တွေ့ဆုံစဉ်
နိုဝင်ဘာလ ၁၉ရက် နေ့ ညနေပိုင်းအချိန်တွင် ပြောကြားခဲ့ပါသည်။
အစိုးရအုပ်ချုပ်မှု သက်တမ်းအနေဖြင့် ရှစ်လသာရှိသေးသည့်အတွက်
အနောက်နိုင်ငံများတွင် ကျင့်သုံးနေသောဒီမိုကရေစီစနစ်နှင့် နှိုင်းယှဉ်ရန်
မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတက ပြောပါသည်။
''ဒီမိုကရေစီဆိုတာကို ခင်ဗျား တို့က ဘာတွေနဲ့နှိုင်းလဲ၊ ဘာတွေနဲ့
တိုင်းတာလဲ မသိဘူးပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီအကြောင်း
ပြောရရင်တော့ အခုကျွန်တော်တို့ အစိုးရသက်တမ်းက ရှစ်လပဲ ရှိသေးတယ်။
အထူးသဖြင့် အနောက်နိုင်ငံ ဒီမိုကရေစီတွေနဲ့ နှိုင်းမယ်ဆိုရင် ခုနက
အနောက်နိုင်ငံတွေက ဒီမိုကရေစီရဲ့ ဘိုးအေတွေ၊ ဘွားအေတွေ၊
နှစ်ပေါင်းထောင်ချီပြီးတော့ သူတို့က ဒီမိုကရေစီ ကျင့်သုံးလာတာ။
ဒီနိုင်ငံတွေနဲ့ တစ်ထပ်တည်းဖြစ်ဖို့ အံ့ဝင်ခွင်ကျဖြစ်ဖို့ကတော့
ကျွန်တော်တို့က တော်တော်လေးတော့ ကြိုးစားရမှာပေါ့'' ဟု နိုင်ငံတော် သမ္မတက
ပြော ပါသည်။
ထို့အပြင် အနောက်နိုင်ငံများ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်နှင့်
ထပ်တူကျအောင် လုပ်ဆောင်ရန်မဖြစ်နိုင်သေးဘဲ အံ့ဝင်ခွင်ကျဖြစ်အောင်သာ
ကြိုးစားရမည်ဟု ဆိုပါသည်။
''အံဝင်ခွင်ကျဖြစ်အောင်ပဲ လုပ်လို့ရမယ်။ တစ်ထပ်တည်းဖြစ်အောင်တော့
လုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် တစ်အချက်က ကျွန်တော်တို့က လူမျိုးချင်းလဲ
မတူဘူး။ နောက်တစ်ခါ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူဘူး။
ဓလေ့စရိုက်ချင်းလဲ မတူဘူး။ အစားအသောက်ချင်းလဲ ကျွန်တော်တို့က မတူဘူး။
အဲဒီတော့ လေးထောင့်ကို အဝိုင်းနဲ့စွပ်လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။
အဝိုင်းကို လေးထောင်နဲ့စွပ် လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး'' ဟု
နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် မိမိတိုင်းပြည်နှင့်လူ မျိုး အကျိုးဖြစ်ထွန်းစေမည့် ဒီမိုက
ရေစီစနစ်ကိုမူ ဖော်ဆောင်ရမည်ဖြစ် ကြောင်း ပြောကြားပါသည်။ ''ကိုယ့်လူမျိုး
တွေအတွက် အကျိုးရှိမယ့် ဒီမိုကရေစီမျိုး ဒါက တော့
ကိုယ့်တိုင်းပြည်ရဲ့အခြေအနေ၊ ကိုယ့်လူမျိုးရဲ့ အခြေ အနေ ဒါတွေ ကို
ကြည့်ပြီးတော့မှ ဒီမိုကရေစီ ပီပြင်အောင်တော့ လုပ်သွားရမှာ
ပေါ့''ဟုနိုင်ငံတော်သမ္မတက ပြော ကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် နိုဝင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းအချိန်က
(၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့
တက်ရောက် သတင်းရယူခဲ့သည့် ပြည်တွင်း၊ ပြည်ပမှ မြန်မာသတင်းများနှင့်
သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။